ဒဏ်ရာတွေထည့်သီထားတဲ့ကြိုးထဲမှာ
အမှောင်က အလျားလိုက်ဆန့်တန်း
ဒီလို . . . . ဖွာရရာ မှုန်မှိုင်းလွင့်ကျဲစိတ်နဲ့
ကိုယ့်ကိုယ်ကို အမဲလိုက်ထွက်မိတယ်
ဝေးလွင့်သီချင်းပါ
ပြန်မဆုံနိုင်အောင် ထွက်ခွာသွားတဲ့ခရီးပါ
တိုးတိတ်ညံ့သက်စွာ . . . .
သံသရာကို လက်ဖ၀ါးတစ်ဖက်တည်းနဲ့
ရပ်တန့်ပစ်လိုက်ချင်တယ်
“နှုတ်ဆက်ခြင်း” ဆိုတာ
နင့်သွေးကြောမျှင်မျှင်လေးထဲက အက္ခရာတစ်လုံး
ငါ့ဆီမှာ လာရောက်သေဆုံးသွားတာပါပဲ
မိုးတွေရွာသလို ကြယ်တွေလည်းရွာနေ
အခုအချိန်မှာ “နင်”ကလွဲရင်
ငါ . . . . ဘာမဆိုဖြစ်လိုက်ချင်ရဲ့
ကဝေမြူခိုး သံရိုင်းခေတ်ဆိုးများထဲ
ယိုင်ရွဲ့တည်မှီရင်း “နင်းချင်နင်းသွားလေ” လို့
ကျောခင်းပေးမိတယ်
ငါ မပျင်းရိပါဘူးကွယ်
တကယ်တော့ နင်ဟာ . . . .
တေလေမီးတစ်စပါ
နင့်လက်သည်းအရှည်တွေလိုပဲ
နင်ဟာ . . . . ချွန်ချွန်ရှရှ လှပလို့
ငါ့အသွေးအသားကိုပါ ထိုးသုတ်ချီယူပြီး . . . .
ဒါဟာ ပင်လယ်ဖြစ်ချင်ခဲ့တဲ့ကောင်
တိမ်ခိုးတိမ်ငွေ့ငတ်ခဲ့ရသလိုမျိုး
ဘယ်ကိုမှမစီးဆင်းဘဲ ရပ်တန့်ခဲ့ရသလိုမျိုးပေါ့
ဆိုးလိုက်တာကောင်မလေးရယ် . . . .
အခုထိလည်း နင့်မျက်နက်ဝန်းတွေက
လောကမာယာထက် “နာ”တယ်ထင်နေတုန်း
ဟောဒီညမှာပါပဲ . . . . .
“ဒဏ်ရာဆိုတာ စိတ်မှာအနက်ရှိုင်းဆုံးပွင့်လာတဲ့
ပန်းပွင့်ဖြစ်တယ်” လို့ ထပ်ခါတလဲလဲရွတ်ရင်း
တစ်ခါက နတ်သမီးထောင်ချောက်လေး
ငါနဲ့ ဝေးသွားခဲ့ဖူးတယ် ။