နတ်သမီးမဖတ်ဖြစ်တဲ့ အစိမ်းရောင် ကဗျာ

ကြွေ....ကြွေ....ကြွေလွင့်သွားတယ်.....အိန်ဂျယ်လ်
ကစဉ့်ကလျား ရစ်သမ်တွေနဲ့ ငါဟာ သင်္ကေတမှားသွားတဲ့ကောင်
ချဉ်ချင်းတပ် ဆွတ်ပျံ့မှုတွေကို ဟိုးခပ်ဝေးဝေးက လှမ်းအော်
ဘယ်သူမှ မသိပဲ လင်းချင်းနေခဲ့မိတယ်
တကယ်တော့ လဲ....
အိန်ဂျယ်လ်ရယ် ....ငါတို့ဟာ ဝေးလွန်းမက ဝေးလွန်းပါတယ်
ဒါပေမယ့်....ငါက မက်မက်မောမော လှမ်းကြည့်နေမိတုန်းပါပဲ

အိန်ဂျယ်လ်ရယ်.....
မင်းရာသီဥတုမှာ သွန်းဖြိုက်ရွာလိုက်တိုင်း
ငါ့ဗဟိုပြုရာမှာ မုန်တိုင်းတွေ သဲထန်နေခဲ့တယ်
ဘယ်သူသိနိုင်မှာတဲ့လဲကွယ်
ပြောရေးဆိုခွင့် မရှိတဲ့ အလွမ်းတွေ
ငါ့အဟောင်း သေတ္တာလေးထဲ ထည့်သိမ်း..
မင်းနဲ့ငါနဲ့ တဖက်တချက်စီ စိမ်းလွန်းနေခဲ့တယ်

အိန်ဂျယ်လ်.....
ခပ်ဖွဖွလေး ရွတ်ဆိုရင်း ငါဟာ ခိုးကြောင်ခိုးဝှက် စက္ကူငှက်လေး တစ်ကောင်
ဒါမှမဟုတ် ကြိုးပြတ် သွားတဲ့ ခပ်အအ စွန် တစ်ခု ပေါ့....
ဘာပဲဖြစ်ဖြစ်....ဘာပဲဖြစ်ဖြစ်....ပေါ့ အိန်ဂျယ်လ်မလေးရယ်
ငါ့ဒိုင်ယာရီမှာတော့....
မင်းဟာ အက်ကြောင်းထပ် နေတဲ့ စကားလုံးမလေးပေါ့

ငါ့ကို ကယ်ပါ အိန်ဂျယ်လ်
ငါဟာ ခိုကိုးရာမဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ရုပ်ကြွင်းတစ်ခုပါ
ဟောဒိရင်ဘတ် နှစ်ခြမ်း သမုဒ္ဒရာမက ခြားနားချင် ခြားနားပါစေကွယ်
ငါ့ကို ကယ်တင်ပါတော့ ကောင်မလေးရယ်

တစ်ကြိမ်တစ်ခါတော့ ငါ ချိုမြပါရစေ
တစ်ကြိမ်တစ်ခါတော့ ငါ မြူးတူးပါရစေ
တစ်ကြိမ်တစ်ခါတော့ကွယ် ငါ ကမ်းကပ်ရပ်နားပါရစေ....အိန်ဂျယ်လ်

အိန်ဂျယ်လ်ရယ်....
အိန်ဂျယ်လ်ရယ်....
အိန်ဂျယ်လ်ရယ်.....
ငါဟာ မင်း နာမ တော်လေးကို ရွတ်ဆိုရင်း
မိုး......စုန်း....စုန်းချုပ်သွားခဲ့တော့တယ်။