“အလင်းဖွဲ့ နှင်းဆီကျမ်းစာ”

ဘယ်လောက်ထိဝေးမှာလဲ။ နောက်ပြန်လှည့်မကြည့်ကြေး။ ငွေတောင်ပြည်ရောက်အောင်သွားမယ်။အလင်းတွေ လက်တစ်ဆုပ်စာ ကျဲပက် လေပြညှင်းကို လေးလေးသွဲ့သွဲ့ ထွေးဖက်ထားစို့။ မျက်ရည်ဆိုတာ ဝေးရမယ့်သူတွေအတွက်။ တို့မနက်ခင်းတိုင်းမှာ နှင်းဆီအ၀ါတွေပွင့်ကြလိမ့်မယ်။
ရာဇ၀င်တစ်ခုစာ .......
အဲဒီလောက်အထိ မခြားပါဘူး .......
နှစ်ပေါင်း ၇၀၀ ငိုဖို့ မျက်ရည်မလောက်ဘူး .......
ကဲပါလေ `လာအတူသွားစို့´ ....... ။ ။
ဒီပွဲတော်ညတွေမှာ ရင်ခုန်နှုန်းတွေ ဆွတ်ဆွတ်ပျံ့ပျံ့သင်းထုံနေကြတယ်။ ကိုယ်နဲ့ပန်းရောင်ထီးကလေး မိုးစက်တွေထဲလမ်း
လျှောင်ထွက်ခဲ့ကြတယ်။ မှတ်မိပါသေးရဲ့လား ပန်းရောင်ထီးကလေးရယ်။ အဲဒီနေ့စွဲတွေ … အဲဒီနေ့စွဲတွေ မိုးတေလေနဲ့ ကိုယ်
အနီရောင်ညတွေကိုအံတုခဲ့သေးတာပေါ့။ ဒီလိုနဲ့ … ဒီလိုနဲ့ တို့တွေ နောက်မဆုတ်ကြေး နေရာင်တွေကို ကြိုးလေးနဲ့သီကြမယ်။

မမြင်ကွယ်ရာမှာ ဖျောက်ဖျက်ထားတဲ့
ခံစားချက်တွေကို ဆောက်တည်ရာမရဖြစ်အောင်တော့
နင် မငိုပါနဲ့
ပန်းရောင်ထီးကလေးရယ် . . . ။ ။

ရင်ခုန်သံတွေ တိုးတိုးလေးတေးသီဖွဲ့ ကာရံတွေမဲ့လည်း နေပါစေ။ ချစ်သူနဲ့ရေးတဲ့သီချင်း လရောင်တွေလင်းသရွေ့ ဗျပ်စောင်း
ပွေ့လို့ တို့တွေ ညည်းနေကြမယ်။ အသံတွေမခန်းသရွေ့ ဧဒင်ကိုရှာတွေ့တဲ့အထိ…. ။ အဓိပတိကားကြီး ဆိုက်တဲ့အချိန် ကားမှတ်
တိုင်လေးရဲ့အရိပ်မှာ မျှော်လင့်ခြင်းနဲ့စစ်ခင်းနေသူကို ကယ်တင်ယူလှည့်ပါ နှင်းဆီဝါလေးရယ်…..။

နက္ခတ်တွေ သဘင်ဆင်ယင်ကျင်းပ
ရင်ခုန်သံမှားတဲ့ သရုပ်ပျက်ညမှာ
ဖွဖွလေးထက် ကျယ်တဲ့ခြေသံ
နရီစည်းမှန် ဖရိုဖရဲနဲ့
ဝုန်းဒိုင်းကျဲသံစဉ်တွေပစ်ခွင်း
ငါတို့ ... စကားလုံးနဲ့လဲ စစ်ခင်းဖူးတယ် ။ ။

လရောင်လေးကို တိမ်ညိုတွေကွယ်လာခဲ့ရင် ကိုယ်က လေရိုင်းလိုတိုက်ခတ်ပေးမယ်။ နှင်းဆီလေးမွှေးအောင်တော့ ကိုယ်က
ဆော့ကစားတတ်တဲ့ လေပြေလေးရယ်ပါ။ ဘယ်တော့မှ … ဘယ်တော့မှ ပွင့်ချပ်လိုအပြုံးတွေ မခြောက်ခန်းစေရဘူး။ ကိုယ့်ကို ပြော
ပြပေးပါ။ နှုတ်ခမ်းလေးမလှုတ်ခတ်ပဲ မျက်ဝန်းလေးနဲ့ ညွှန်ပြပေးပါ။ ကိုယ်က နှင်းဆီဝါလေးရဲ့ မျက်ဝန်းဘာသာဗေဒကို ပျား ပိတုန်း
တွေထက် နားလည်တတ်ခဲ့သူပါ ။

ငါကမုန်တိုင်းတစ်ကောင်ဖြစ်ပေမယ့် ပန်းပွင့်လေးအနားမှာပဲတရစ်ဝဲ၀ဲနေချင်ပါတယ်။
မဖြစ်ဖြစ်တဲ့နည်းနဲ့ ငါ့ကိုကယ်တင်ပါ
ဒါမှမဟုတ် မင်းကိုဘယ်လိုကယ်တင်ရမလဲပြောပါ
ဝေးမသွားကြအောင်ပေါ့ ။ ။

လက်တံပျောက်နေတဲ့ တိုင်ကပ်နာရီအိုလေးလို ကိုယ်က ခေါင်းငုံ့ချပြီးမနေချင်ခဲ့ဘူး။ ပွင့်တယ် နှင်းဆီမလေး ပွင့်နေတယ်။ မနက်
ဖြန်တွေလည်းပွင့်နေတယ်။ အလင်းတွေလည်းပွင့်နေတယ်။ ပန်းတွေလည်း ပွင့်နေကြတယ်။ ကန်ဘောင်လမ်းလေးမှာ ဆုပ်ကိုင်
ထားခဲ့ဖူးတဲ့လက်ကလေး ကိုယ်… အခုထိ နွေးထွေးနေတုန်းပါပဲ။ အဲဒီကဗျာလေးကို ဒိုင်ယာရီထဲမှာသိမ်းထုပ် ကိုယ် တမှတ်တရ
ဖတ်ကြည့်နေတတ်ပါတယ် ချစ်သော နှင်းဆီမလေးရယ်…။

“ညီမလေးရေ. . .
ရာသီတွေအတွက်
အချိန်ဆိုတာ မလုံဘူး
မင်းအတွက် အလွမ်းတွေ
ဒီလိုပဲ ပွင့်တတ်ပါတယ်” ။ ။

နှင်းဆီမလေးရဲ့ပျိုးခင်းကို ကိုယ် ရေလောင်းပေါင်းသင်ပေးထားတယ်။ ပန်းလေးတွေက သခင်ကို ကြိုနေကြပြီကွယ့်။ တဘက်တချက်မှာ မိုးတွေက လှိုက်လှိုက်လှည်းလှည်း ရွာလို့။ ပင်လယ်ကြီးက ရေ၀သွားတဲ့ကုလားအုပ်တစ်ကောင်လို အရှိန်အဟုန်
ပြည့်စီးမျောဖို့ လှေငယ်လေးကို မျှော်နေရှာပြီ။ နှင်းဆီမလေးရေ အတိတ်ကိုတန်ဖိုးထားခဲ့တယ်ဆိုရင် အတိတ်သားလောင်းတွေကို တို့တွေ လှပအောင် ပျိုးထောင်ကြမယ်လေ။

လရိပ်က ပန်းတစ်ခင်းပျိုးတယ်
လရောင်တွေပျံ့လို့သင်းလို့
သူမဆံနွယ်တွေ ပင်လယ်ထဲစီးဝင်ခဲ့
ကျနော်........ငေးကြည့်နေခဲ့မိတယ်
သူမ........လှလိုက်တာ.... ။ ။

လရိပ်နဲ့တူတဲ့ ကောင်မလေးရယ် . . . နင်နဲ့အတူ လေရိုင်းတွေ မလာနိုင်တဲ့ နေရာမှာ သံယောဇဉ်အိမ်ကလေး ဆောက်လို့ နေချင်တယ်။ သက်တန့်တွေ ရှိလိမ့်မယ်လေ။ ငှက်ဆိုးတွေ ဘယ်လိုထိုးထိုးပေါ့ကွယ်။ တစ်ယောက်မရှိရင် တစ်ယောက် မရှိလို့မရသလိုမျိုး မျှော်လင့်ချက်ကို ပုံသွင်း ငါဆိုညည်းတဲ့သီချင်း နင်နားဆင်ပေးပါ။ ကြယ်တွေ ပျောက်နေတာမဟုတ်ပါဘူး လရိပ်ကောင်မလေးရယ် . . .။ အဲဒီကြယ်တွေက ငါ့ရင်ကို လှိုက်ဆင်းပြီး နင်ခိုနားနေဖို့ရာ ဗုံသံတွေ အထပ်ထပ်နဲ့ နင့်ကို ကြွေပြနေကြတာပါ။

“ စောင့်ရမှာခြင်းအတူတူတော့ ငါ အခုကတည်းက စောင့်မယ်
နင်သာ မြန် မြန် ပြန် လာ ခဲ့ ” ။ ။

လောကမှာ ကြတ်ခြေခတ်ခံထားရတဲ့သူတွေက သာမန်လူတွေထပ် အခွင့်အရေးနှစ်ခါ ပိုရကြပါရဲ့ ။ ဒီလိုမျိုးပေါ့ကွယ် . . .

ကြတ်ခြေခတ်တယ်ဆိုတာ . . .
ဘယ်တစ်ရစ် ညာတစ်ရစ်
အမှန်နှစ်ခါ . . .
ခြစ်ပေးထားတာပါ …. တဲ့

မြင်းမိုရ် မို့လားကွယ်။ လိုက်ခဲ့တော့နော်။ ဟော …. မိုးတွေ ရွာနေပြီလေ။ ငါနင်နဲ့အတူ လျှောက်ဖို့ လမ်းတွေက ဝန်းတွဲခိုလျ နင့်နာမလေးကို ရွတ်နေတယ် “ လရိပ်ထင် ” တဲ့ . . .။ လာခဲ့ပါတော့ကွယ် . . . လာခဲ့ပါတော့ လရိပ်ကောင်မလေးရယ် . . .။ နင့်အတွက် ကဗျာလေး တစ်ပုဒ်ကို ရွတ်ရင်း ငါ့လက်တွေ ကမ်းပေးထားမယ် . . .

ယုံကြည်ထားစမ်း
ရေခိုးရေငွေ့ကလည်း
ပင်လယ်ကို ပစ်ပေါက် စိုက်ပျိုး နိုင်တယ်ဆိုတာ . . . . . . . . . . . . . .။