အနှိုင်းမဲ့မေတ္တာ

အမေ...
လူတွေရဲ့သမိုင်းမှာ
အနှိုင်းမဲ့တဲ့ အရာ
အမေ့မေတ္တာပါ...။

အမေ...
အမေစားတဲ့ အစာ
ဖြစ်လာတဲ့ နို့ရည်က
ဘ၀တွေစခဲ့ရတာ...။

အမေ...
အမေကမ်းတဲ့ လက်ကိုကိုင်
"ရပ်နိုင်ပေ,ရပ်နိုင်ပေ" လို့
အမေတိုင်တဲ့ စည်းဝါးသံအောက်
လမ်းလျှောက် သင်ခဲ့ရတာ...။

အမေ...
အမေချော့လာတဲ့
တကျော့ကျော့ တေးသံသာ
မိတ္ထီလာ ကန်တော်အောက်နဲ့
သပြေသီးကောက်သံတွေ
ကြားနေဆဲပါလေ...။

အမေ...
အမေက ကျီစယ်တော့
လူမမယ်
အမေ့သားက
အမေ့အား ကန်ကျောက်
မောက်မာခဲ့တာလဲ
အမေဟာ ပြုံးပြလျက်ပါပဲ...။

အမေ...
အမေပြောတဲ့စကား
"ငါ့သား မိဘဖြစ်တဲ့နေ့မှာ
အမေ့မေတ္တာကို
ပိုနားလည်မှာပါ"တဲ့
ဟုတ်ကဲ့ပါ အမေရယ်
တကယ်နားလည်နေပါပြီ...။

အမေ...
အမေဆိုတဲ့
မြင့်မိုရ် ရွှေတောင်ဦးက
အနန္တကျေးဇူးရှင်ကို
အစဉ် ဂါဝရပြုလျက်ပါ အမေ.......။

မိဘာမေတ္တာကိုအထူးနားလည်နိုင်ပါစေလို့သားလိမ္မာလေးကဆုတောင်းပေးနေပါတယ်
အထူးသဖြင့် အဝေးရောက်ညီအစ်ကိုမောင်နှမများအတွက်ပေ