အနှိုင်းမဲ့ မေတ္တာ

အမေ...
လူတွေရဲ့ သမိုင်းမှာ
အနှိုင်းမဲ့တဲ့ အရာ
အမေ့မေတ္တာပါ....။

အမေ.....
အမေစားတဲ့ အစာ
ဖြစ်လာတဲ့ နို့ရည်က
ဘ၀တွေ စခဲ့ရတာ....။

အမေ.....
အမေကမ်းတဲ့ လက်ကိုကိုင်
'ရပ်နိုင်ပေ...ရပ်နိုင်ပေ 'လို့
အမေတိုင်တဲ့ စည်းဝါးသံအောက်
လမ်းလျှောက် သင်ခဲ့ရတာ...။

အမေ.....
အမေချော့လာတဲ့
တကျော့နှစ်ကျော့ တေးသံသာ
မိတ္တိလာ ကန်တော်အောက်နဲ့
သပြေသီး ကောက်သံတွေ
ကြားနေဆဲပဲလေ....။

အမေ.....
အမေက ကျီစယ်တော့
လူမမယ် အမေ့သား က
အမေ့အား ကန်ကျောက်
မောက်မာခဲ့တာလဲ
အမေဟာ ပြုံးလျက်ပါပဲ...။

အမေ....
အမေဆိုတဲ့
မြင့်မိုရ် ရွှေတောင်ဦးက
အနန္တကျေးဇူးရှင်ကို
အစဉ် ဂါရ၀ပြုလျက်ပါအမေ....။