ဆန္ဒ

ငါကမြောက်ဝင်ရိုးစွန်းနဲ့ အနီးဆုံး…
ကျောက်တုံးတတုံးမဟုတ်ပါဘူး…
ဒါကြောင့်အေးခဲမနေဘူး…
အရိုးသားဆုံးပြောနိုင်တာက..
ငါမလိမ်တတ်ခဲ့တာပဲ…
မျက်နှာဖုံးဝါဒတစ်ခုကြားမှာ..
ဟန်ဆောင်မှုနိယာမတွေကိုသင်ကြား..
ဝါးတားတားပဲနေခဲ့တာ..
ငါကအချစ်နဲ့အဝေးဆုံး..
ခပ်တုံးတုံးနတ်ဆိုးမဟုတ်ပါဘူး..
ဒါကြောင့်ရက်စက်ရိုင်းစိုင်းမနေဘူး…
အမှန်တရားတစ်ခုကတော့…
စကားလုံးဖွဲ့စည်းပုံတွေကြားမှာ…
ရင်ခုန်သံအစစ်ကိုသင်ကြား..
အချစ်ရဲ့ အဓိပ္ပါယ်ကိုရှာဖွေခဲ့တာ…

ငါတို့ တွေမဆုံဖြစ်ကြရင်…
ဖြစ်ပျက်ခြင်းနိဒါန်း(သို့) တိမ်တိုက်သံစဉ်…
သံတူကြောင်းကွဲအိပ်မက်တွေထဲက နိုးထဖြစ်ကြရင်…
ကောင်းကင်သံစဉ်တွေ တိတ်ဆိတ်သွားခဲ့ကြရင်…
ဘ၀ကို ဘ၀လိုပဲမှတ်ပါ…
ဘ၀ဆိုတာဘ၀ဖြစ်လာတဲ့အလျောက်..
ငါတို့တွေ အတူတူမှားလျှောက်ခဲ့ကြတာပဲ…
ဆောင်းတွင်းကျတဲ့မျက်ရည်တွေက ခဲသွားကြတယ်..
တောင်အရပ်ကိုပျံသန်းသွားကြတဲ့ငှက်တွေလဲ..
ထိတ်လန့်မှုနဲ့ပျော်မြူးနေကောင်းရဲ့…
ငါတို့တွေက မြို့ရိုးပေါ်ကျတဲ့မိုးစက်လေးတွေလိုပဲ..
မြို့ထဲကျရင်ကျမယ်..မြို့ပြင်ရောက်ရင်ရောက်မယ်..
ဒါပေမယ့် ငါတို့က မိုးစက်တွေပဲ…
အချိန်ကတိုက်စားသွားပါလိမ့်မယ်…
သဘာဝကျကျအတွေးတွေထဲမှာ..
ငါလွတ်မြောက်ချင်ခဲ့တာ…
ဒီလိုပဲ..
အခုထိတော့ ငါကိုယ်တိုင်က ..
ဒီ သံတူကြောင်းကွဲအိပ်မက်တွေကိုမက်နေဆဲပါပဲ…
တောက်ပခြင်းအလင်းတစုံတရာမရခင်အထိပေါ့…

မြူတွေဆိုင်းနေတဲ့တောအုပ်ထဲမှာ..
သက်တန့်တစ်ခုကိုထောင်ဖမ်းဖို့..
ငါနွယ်ကြိုးတွေရှာဖွေခဲ့တယ်..
ချစ်သူဆိုတာ..အိပ်မက်တွေထဲက အလှပဆုံးကမ္ဘာဦးသံစဉ်တဲ့…
ငါကိုယ်တိုင်တီးခတ်ခဲ့တယ်ထင်တာပဲ..
သူမရော..ငါရော..
နှလုံးသားချင်းကျောချင်းကပ်ခဲ့တာ..
ပြီးတော့..
မျက်နှာမှုရာကိုအသီးသီးထွက်ခွာခဲ့..
အခုတော့..အဓိပ္ပါယ်မဲ့ဝေးသွားခဲ့ကြတယ်..
အချစ်ဆိုတာ..တိုင်တည်ကျိန်ဆိုခြင်းထက်မွန်မြတ်တဲ့ အရာတဲ့..
ငါကိုယ်တိုင် ဆွဲပေးခဲ့တဲ့သစ္စာပွင့်ခတ်လေးတွေ..
သူမရဲ့မျက်နှာပေါ်က တခါတရံမြင်ရတတ်တဲ့အပြုံးနုနုလေးတွေကြောင့်..
ငါ့နှလုံးသားကန့်လန့်ဖြတ်ကွဲခဲ့တာ..
ပြီးတော့..
သွေးစိမ်းရှင်ရှင်ကျခဲ့ပေါ့..
အခုတော့..ငါကဗျာမဆန်တဲ့ မုသားတွေနဲ့ပြန်ဆက်ထားတယ်